ဝန်ထမ်းများကျန်းမာရေးနှင့်ပတ်သက်၍ကတိကဝတ်ပြုခြင်း။

19 ဩဂုတ် 2022
-
5 minutes

ဝန်ထမ်းများ၏ကျန်းမာရေးနှင့်ပတ်သက်၍ကတိကဝတ်ပြုခြင်း၊ ကျွန်တော်တို့၏ ဝန်ထမ်းများအား ဂရုစိုက်ခြင်း။

ကျွန်တော်တို့က ဝန်ထမ်းများအတွက် လုံခြုံစိတ်ချရသော လုပ်ငန်းခွင်များ ဖြစ်ပေါ်စေရန်၊ တက်တက်ကြွကြွရှိသော လုပ်ငန်းခွင်တစ်ရပ် ပေါ်ပေါက်စေရန်၊ မတူကွဲပြားမှုများကို မြှင့်တင်ပေးရန်၊ ကျွမ်းကျင်ပညာရှင်များ ပေါ်ထွက်လာရေးကို အားပေးအားမြှောက်ပြုရန်နှင့် ခေါင်းဆောင်မှုကောင်း တစ်ရပ်ကို ပြုစုပျိုးထောင်ပေးရန်စသည့် “အောင်မြင်လျက်ရှိသော ဝန်ထမ်းများဖြစ်လာစေရေး” မဏ္ဍိုင်အပေါ် အခြေခံသည့် လုပ်ငန်းခွင်တစ်ခုကို ဖန်တီးပြုလုပ်ထားပါသည်။ ဒီဟက်စ်မြန်မာသည် ၎င်း၏ဝန်ထမ်းများနှင့် ဒေသခံပြည်သူများကို အရည်အသွေးကောင်းမွန်သော မျက်စိစမ်းသပ်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှု လွယ်လွယ်ကူကူရရှိစေရန် နှစ်စဉ် မျက်စိကုသစောင့်ရှောက်မှုနှင့် အသည်းရောင်အသားဝါရောဂါ ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်များကို ၂၀၁၈ ခုနှစ်မှစတင်၍ ဆောင်ရွက်ခဲ့ပါသည်။ အမြင်အာရုံသည် ကျွန်တော်တို့၏ဘဝ၊ မိသားစု၊ လုပ်ငန်းတို့နှင့် အချိတ်အဆက်ပြု၍ လုပ်ငန်းဆောင်တာများ လည်ပတ်ရန် ကူညီထောက်ပံ့ပေးပြီး လူတိုင်းအတွက် ထိပ်တန်းကျန်းမာရေးဆိုင်ရာ အလေးထားစရာ ကိစ္စများထဲမှ တစ်ခုဖြစ်ပါသည်။

လွန်ခဲ့သော ၅နှစ်အတွင်း ဆောင်ရွက်ပေးခဲ့သည့် မျက်စိစမ်းသပ်စစ်ဆေးခြင်းနှင့် မျက်မှန်များ ပြုလုပ်ပေးခြင်းများ။

De Heus ၏ “မျက်စိကုသစောင့်ရှောက်မှုအစီအစဉ် - မြန်မာ” ကို JustB Healthcare ၏ တည်ထောင်သူဖြစ်သော Rolinda de Heus (Dr. Rolinda Beijering MD PhD) က ၂၀၁၈ ခုနှစ်တွင် ပထမဆုံး စတင်ဆောင်ရွက်ခဲ့ ပါသည်။ ကြိုတင်ကာကွယ်နိုင်သည့် မျက်စိကွယ်ခြင်းကို ကုသနိုင်ရေးအတွက် လူတိုင်းလက်လှမ်းမီနိုင်သော မျက်စိကုသစောင့်ရှောက်မှုများ ရရှိခွင့်ရှိသည်ဟု ယုံကြည်သည့်အလျောက် ကျွန်တော်တို့၏ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများအကြား မတူညီသော လူနာအမျိုးမျိုးအတွက် မျက်စိကုသစောင့်ရှောက်မှုအစီအစဉ်ကို နှစ်စဉ်အလေးထားဆောင်ရွက်လျက်ရှိပါသည်။ လွန်ခဲ့သော ငါးနှစ်အတွင်း ကျွန်တော်တို့၏ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများအပါအဝင် လူပေါင်း (၆၀၅) ဦးအတွက် အထွေထွေ မျက်စိစမ်းသပ်စစ်ဆေးခြင်းကို ဒေသန္တရ ဆေးပေးခန်း သုံးခုနှင့်အတူ လက်တွဲဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။ ထို့အပြင် မျက်မှန်များ ပြုလုပ်ပေးခြင်း၊ ကုသမှုများ ထပ်မံလိုအပ်သော လူနာတစ်ဦးချင်းစီအတွက် ခွဲစိပ်မှုများဆောင်ရွက်ပေးခြင်း၊ ဆရာဝန်နှင့် အသေးစိတ်တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ခြင်းတို့ကိုလည်း ကျွန်တော်တို့က ဆောင်ရွက်ပေးခဲ့ပါသည်။

deheus_myanmar_sustainability_eyercare_hepatitisBC

၂၀၂၂ ခုနှစ်၌ ဒီဟက်စ်မြန်မာရုံးချုပ်ရှိ ဝန်ထမ်းများအတွက် ၎င်းတို့နှင့် လုပ်ငန်းခွင်တွင် အံဝင်ခွင်ကျဖြစ်စေမည့် မျက်စိကုသစောင့်ရှောက်မှု အစီအစဉ်ကို ရေးဆွဲပြုလုပ်ခဲ့ပါသည်။ ကျွမ်းကျင်ဆရာဝန် များ၏ စမ်းသပ်ချက်များအရ ရုံးဝန်ထမ်းများတွင် အဖြစ်အများဆုံး မျက်စိပြဿနာမှာ digital eye strain ဟုခေါ်သော ကွန်ပျုတာအသုံးပြုမှု များခြင်းကြောင့် အမြင်အာရုံထိခိုက်သည့် လက္ခဏာဖြစ်ပါသည်။ ထိုလက္ခဏာကြောင့် ခေါင်းကိုက်ခြင်း၊ ဇာတ်ကြောတက်ခြင်း၊ ခါးနာခြင်း၊ မျက်ရည်ခြောက်ခြင်း အစရှိသည်တို့ ဖြစ်ပေါ်စေနိုင်ပါသည်။ ထို့ကြောင့် ပုံမှန် မျက်စိစမ်းသပ် စစ်ဆေးခြင်းမှာ အကောင်းဆုံးကြိုတင်ကာကွယ်ခြင်းဖြစ်သည့်အလျောက် ရုံးချုပ်ရှိ ဝန်ထမ်း (၆၁) ဦးအတွက် ဤအစီအစဉ်ကို အချိန်မဆွဲဘဲ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။ ရုံးချုပ်ရှိ ဝန်ထမ်းအများစုမှာ လူလတ်ပိုင်းများဖြစ်သည့်အတွက် အောက်ပါ ပုံမှန်မျက်စိစမ်းသပ်စစ်ဆေးခြင်းကို အဓိကထား ဆောင်ရွက်ခဲ့ပါသည် -

  1. အနီး၊ အဝေး အမြင်အာရုံစမ်းသပ်စစ်ဆေးခြင်း
  2. မျက်စိအတွင်းရေဘောင် စမ်းသပ်စစ်ဆေးခြင်း
  3. ကိရိယာဖြင့် မျက်စိပါဝါ စမ်းသပ်စစ်ဆေးခြင်း
  4. အရောင်အမြင်အာရုံစမ်းသပ်ခြင်း
  5. Amsler Grid အသုံးပြု၍ အတွင်းမြင်လွှာနှင့် အာရုံကြောစမ်းသပ်စစ်ဆေးခြင်း
  6. 3D ပုံရိပ်အသုံးပြု၍ Binocular Stereo Vision Test ပြုလုပ်ပေးခြင်း
  7. မျက်စိအတွင်းအိမ်ဓာတ်ပုံရိုက်ပြီး ရောဂါစမ်းသပ်စစ်ဆေးခြင်း
  8. အသေးစိတ် မျက်စိပါဝါ စမ်းသပ်စစ်ဆေးခြင်း

မျက်စိစမ်းသပ်စစ်ဆေးပြီးနောက် မျက်စိပါဝါ အရမ်းများသော ဝန်ထမ်း (၄) ဦးအပါအဝင် ဝန်ထမ်းပေါင်း (၃၀) ဦး အတွက် ၎င်းတို့၏ မျက်စိပါဝါနှင့်ကိုက်ညီသော မျက်မှန်များ ရုံးအနေနဲ့ ပံ့ပိုးပေးခဲ့ပါသည်။

အသည်းရောင်အသားဝါ ရောဂါကာကွယ်ရန် ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်။

အသည်းရောင်အသားဝါ B ပိုးနှင့် C ပိုးသည် မြန်မာနိုင်ငံတွင် အဖြစ်များသော ရောဂါများဖြစ်ကြသည်။ ကြိုတင်ကာကွယ်ခြင်း၊ ကုသခြင်းများ မပြုလုပ်ထားပါက အသည်းလုပ်ဆောင်မှုပျက်စီးခြင်း၊ ကင်ဆာရောဂါဖြစ်ပေါ်ခြင်း၊ အသည်းပျက်စီးခြင်းနှင့် အသက်သေဆုံးခြင်းအထိ ဖြစ်ပေါ်စေနိုင်သည်။ သို့ရာတွင် အသည်းရောင်အသားဝါ B ပိုးကို ကာကွယ်ဆေးထိုးနှံခြင်းဖြင့် ကာကွယ်နိုင်သလို သင့်လျော်သော ကုသမှုများ ဆောင်ရွက်ခြင်းဖြင့် အသည်းရောင်အသားဝါ C ပိုးကိုလည်း ကုသနိုင်ပါသည်။

deheus_myanmar_sustainability_hepatitisBC

မြန်မာနိုင်ငံတွင် အဖြစ်အများဆုံးရောဂါများထဲမှ တစ်ခုဖြစ်သည့် အဆိုပါ အသည်းရောင်အသားဝါရောဂါကို ကာကွယ်ရန် ရောဂါကြိုတင်ကာကွယ်ရေး နည်းလမ်းများကို သိရှိစေရန်အလို့ငှာ ဒီဟက်စ်မြန်မာသည် အသည်းရောင်အသားဝါ B ပိုး/C ပိုး ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်အား မြန်မာအသည်းဖောင်ဒေးရှင်းနှင့် ပူးပေါင်းဆောင်ရွက်ထားပါသည်။ ၂၀၂၂ ခုနှစ်တွင် ဤအစီအစဉ်စတင်ရခြင်း၏ ရည်ရွယ်ချက်မှာ နေ့စဉ်နေ့တိုင်း မြန်မာနိုင်ငံအနှံ့၌ ကွင်းဆင်းလက်တွေ့လုပ်ဆောင်မှု အများဆုံးလုပ်နေရသော အရောင်းနှင့်ဈေးကွက်ရှာဖွေရေး ဝန်ထမ်းများအတွက် အသည်းရောင်အသားဝါ B ပိုး/C ပိုး ရောဂါနှင့် ပတ်သက်သည့် အသိပညာပေး ဟောပြောပွဲပြုလုပ်ပေးပြီး အသည်းရောင်အသားဝါ B ပိုး/C ပိုး စစ်ဆေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံခြင်းကို ဆောင်ရွက်ပေးရန် ဖြစ်ပါသည်။ ထိုသို့သော ကာကွယ်တားဆီးနိုင်သည့် ရောဂါများအတွက် ကျွန်တော်တို့က ကာကွယ်ကုသမှုများ ပေးခြင်းဖြင့် ဝန်ထမ်းများ ဘေးကင်းစေရန် ကြိုးပမ်းလျက်ရှိသောကြောင့် ဝန်ထမ်းဦး‌ရေ ပျမ်းမျှ (၁၂၅) ဦးအတွက် ကာကွယ်ဆေးအပြည့်အဝ ထိုးနှံပြီးစီးစေမည့် ၂၀၂၂ ခုနှစ် တတိယ သုံးလပါတ်အထိ ဤအစီအစဉ်ကို ဆောင်ရွက်သွားမည်ဟု မျှော်မှန်းထားပါသည်။

ဝန်ထမ်းများ၏ ကျန်းမာရေးကို ကူညီပံ့ပိုးပေးခြင်းသည် ကျွန်တော်တို့အဖွဲ့အစည်း တန်ဖိုး၏ အဓိကအချက် ဖြစ်သောကြောင့် ကျွန်တော်တို့၏ စဉ်ဆက်မပြတ်ဖြစ်သော ရေရှည်မဟာဗျူဟာဖြစ်သည့် Responsible Feeding Programme ကိုလည်း ထင်ဟပ်စေမည်ဖြစ်ပါသည်။