မွေးမြူရေးလုပ်ငန်းများနှင့်ဇီဝလုံခြုံရေး။
ယခုနောက်ပိုင်း မွေးမြူရေးနယ်ပယ်မှာ အပြောများလာကြတဲ့ အသုံးအနှုန်းတခုကတော့ မွေးမြူရေးခြံတွေမှာ ဇီဝလုံခြုံရေးကို တင်းကျပ်စွာဆောင်ရွက်ပါ ဆိုတာပဲဖြစ်ပါသည်။ မွေးမြူရေးလုပ်ဆောင်နေသူတွေအဖို့ ဇီဝလုံခြုံရေးဆိုတဲ့ အသုံးအနှုန်းကို အထူးအဆန်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ အမှန်တကယ်တော့ ဇီဝလုံခြုံရေးဆိုတာ မွေးမြူရေးခြံရှိ မွေးမြူထားသောသောတိရစ္ဆာန်များကို ပြင်ပမှရောဂါပိုးများ မဝင်ရောက်နိုင်စေရန်နှင့် ခြံအတွင်း ရောဂါပြန့်နှံ့မှု မရှိစေရန် ကြိုတင်ကာကွယ်ခြင်း ဖြစ်ပါသည်။ ဇီဝလုံခြုံရေးကိုတင်းကျပ်စွာဆောင်ရွက်ခြင်းဖြင့် မိမိရဲ့မွေးမြူရေးခြံကို ရောဂါပိုးများကူးစက်ခြင်းမှ ကြိုတင်ကာကွယ်နိုင်ပြီး တိရစ္ဆာန်များတွင် ရောဂါကင်းရှင်းသောကြောင့် ဆေးကုသမှုကုန်ကျစရိတ်များကို လျော့ချနိုင်ခြင်းနှင့် ကြီးထွားနှုန်းကောင်းမွန်ပြီး စျေးကွက်သို့ စောလျင်စွာရောင်းချနိုင်တဲ့အတွက် စီးပွားရေးအရ တွက်ချေကိုက်မှာ ဖြစ်ပါသည်။ မွေးမြူရေးခြံကို မဆောက်ခင်မှာ လူနေအိမ်များနှင့်ဝေးရာနေရာတွင် သီးသန့်ဆောက်လုပ်မွေးမြူခြင်းသည် ရောဂါဖြစ်ပွားပြန့်နှံမှုကို လျော့ချနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် လူကနေတဆင့် ရောဂါပိုးများကို မွေးမြူရေးခြံတွေသို့ ကူးစက်နေခြင်းကို တွေ့မြင်ရတာကြောင့်ဖြစ်ပါသည်။
ဇီဝလုံခြုံမှုစနစ်တွင် ခြံအပြင်ဇီဝလုံခြုံမှုစနစ်နှင့် ခြံအတွင်းပိုင်းဇီဝလုံခြုံမှုစနစ်ဟူ၍ ရှိပါသည်။
ခြံအပြင်ဇီဝလုံခြုံမှု စနစ်သည် မိမိခြံအတွင်း ပြင်ပမှရောဂါပိုးများ ဝင်ရောက်မှုကို ကာကွယ်ဟန့်တားရန်ဖြစ်ပြီး ခြံအတွင်း ဇီဝလုံခြုံမှုစနစ်သည် ရောဂါပိုးများ ခြံအတွင်းပြန့်နှံ့မှုကို ကာကွယ်ဟန့်တားရန်ဖြစ်ပါသည်။
ခြံအပြင်မှခြံတွင်းသို့ ရောဂါကူးစက်နိုင်သော အရာများမှာ
✔လူ
✔ခြံသုံးပစ္စည်းများ(ဆေးထိုးပိုက်၊ဆေးထိုးအပ်၊ဖိနပ်၊အစာခွက်၊ရေနှုတ်သီးခေါင်း)
✔အခြားတိရစ္ဆာန်များ(ကြွက်၊ပိုးမွှား၊ခွေး၊ကြောင်၊ငှက်၊ကြက်)
✔ယာဥ်များ(ဝက်/ကြက်သယ်၊အစာသယ်)
✔လမ်းများ
✔တံခါးလက်ကိုင်များ
✔ ခြံတစ်ခြံမှ တစ်ခြံသို့ ခြံသုံးပစ္စည်းများ မျှဝေသုံးစွဲခြင်း တို့ဖြစ်ပါသည်။
ခြံအတွင်းရောဂါပျံ့နှံ့မှုမရှိစေရန်လုပ်ဆောင်သင့်သောအချက်များမှာ
✔ခြံကို ခြံစည်းရိုးလုံခြုံစွာထားရှိပြီး လူဝင်၊လူထွက်ထိန်းချုပ်ကန့်သတ်ခြင်း
✔ခြံအဝင်အထွက်မှတ်တမ်းထားရှိခြင်း
✔ခြံအဝင်ဝတွင် လက်ဆေးသည့်နေရာ၊ ပိုးသတ်ဆေးကန်၊ထုံးကန်များထားရှိခြင်းနှင့် ပိုးသတ်ဆေးဖျန်းခြင်းများပြုလုပ်ခြင်း
✔ခြံအတွင်းသို့ မဝင်မှီ ရေချိုးခြင်းနှင့်အဝတ်လဲလှယ်ခြင်း (သို့မဟုတ်) ပိုးသတ်ဆေးဖျန်းခြင်းများပြုလုပ်ခြင်း
✔ခြံအတွင်းသုံး ဖိနပ်ကိုစီးပြီးမှ ဝင်စေခြင်း
✔ခြံအတွင်းသို့ ဝင်ရောက်လာသော ယာဥ်များ၊ယာဥ်မောင်းများကို စနစ်တကျပိုးသတ်ခြင်း
✔အစာအိတ်များကိုလည်းစနစ်တကျ ပိုးသတ်ပြီးမှအသုံးပြုခြင်း
✔ခြံသုံးပစ္စည်းများကို စနစ်တကျ ပိုးသတ်သန့်စင်ပြီးမှ အသုံးပြုခြင်း
✔ခြံရှိတိရစ္ဆာန်များကို တစ်ချိန်တည်းထည့်၊ တစ်ချိန်တည်းထုတ်ရောင်းစနစ်ဖြင့် မွေးမြူခြင်း
✔အသစ်ဝယ်သွင်းလာသောတိရစ္ဆာန်များကို သီးသန့်ထားရှိပြီးမှ ခြံရှိတိရစ္ဆာန်များနှင့်ထားရှိခြင်း ✔ခြံနှင့်လူနေအဆောက်အဦးကြားကို ထပ်မံ၍ခြံစည်းရိုး ထားရှိခြင်း
✔ခွေး၊ကြောင်များဝင်ရောက်နိုင်သည့် အပေါက်များကို စစ်ဆေး၍ဝင်ရောက်မှုမရှိစေရန် ပြုလုပ်ခြင်း
✔ကြွက်အန္တရာယ်ထိန်းသိမ်းကာကွယ်ရန် ကြွက်တွင်းများရှိ၊မရှိစစ်ဆေးခြင်း
✔နေမကောင်းဖျားနာသည့် တိရစ္ဆာန်များရှိပါက စနစ်တကျ ခြံခွဲ၍ဆေးကုသမှုခံယူခြင်း
✔မွေးမြူထားသော တိရစ္ဆာန်များသေဆုံးခဲ့ပါက အသေကောင်များကို မြေမြှုပ်ပြီး ပိုးသတ်ဆေးဖျန်းခြင်းနှင့်ထုံးပတ်ခြင်းများပြုလုပ်ခြင်း စသည်တို့ဖြစ်ပါတယ်။
မွေးမြူရေးစနစ်တွင် အခြေခံကျသော ဇီဝလုံခြုံမှုစနစ်များကိုလိုက်နာ ကျင့်သုံးမယ်ဆိုရင် မွေးမြူရေးခြံများတွင် ရောဂါပိုးများကူးစက်ပြီး မွေးမြူထားသောတိရစ္ဆာန်များ အသေအပျောက်များပြီး စီးပွားရေးအရဆုံးရှုံးမှုများကိုကျော်လွှားနိုင်မှာသေချာပါသည်။